ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်များနှင့်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၁၃ရက်) နံနက်တွင် နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာ နှင့် ကြက်မနက် ရွာကြား၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။
အင်အား ၅၀ခန့်ရှိ စစ်ကြောင်းကို သာယာ၀တီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ နှင့် တပ်ခွဲ -၂ တို့မှ ကြိုတင်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရှေ့ဆက်ချီတက် လာ၍ ကြက်မနက်ရွာ နှင့် ညောင်လေးပင်ရွာကြား၌ပင် ထပ်မံစောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းထဲ တည့်တည့် ဝင်ရောက်လာသည့်အတွက် အကြမ်းဖက်စကစတပ်ဖွဲ့ဝင် ခြောက်ဦးအနည်းဆုံးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်အနေဖြင့် ရှေ့ဆက်မတိုးရဲတော့ဘဲ နောက်ကြောင်း ပြန်ဆုတ်သွားခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိခိုက်မရှိကြောင်း အသိပေးထားသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင်အုပ်စု၊ မြပင်ကူးကျေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ် ကင်းစခန်းကိုလည်း ယနေ့ ညနေပိုင်း၌ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ ခွဲ (၁)တပ်ဖွဲ့များမှ အလစ်အငိုက်တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက် ကျားအဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး စိုးမိုးနယ်မြေများအတွင်း ကျူးကျော်လာသော စစ်ကောင်စီတပ်များကို ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမည်ဟု အသိပေးထုတ်ပြန်သည်။
