စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ရွှေဘို-ရေဦးလမ်းပိုင်းအား ယာယီပိတ်ထားချိန် စစ်ကောင်စီတပ်ကသွားခိုင်း၍ ဖြတ်သန်းသွားလာသူအချို့ မိုင်းထိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
ရွှေဘို – ညောင်ပင်သာ – ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
“တမြန်နေ့ကလည်း ွေးတွေက လွှတ်လိုက်လို့လဲ လမ်းပေါ်တက်တယ်။ မိုင်းမိတယ်။ မနေ့ကလည်း သားအဖသုံးယောက်မိုင်းထိတယ်။ ခဏခဏတင်ပေးတယ်။ မတက်ဖို့ရာ။ အခုလို လမ်းမပေါ်တက်ပြီး တစ်ခုခုဖြစ်တော့ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သားတွေပဲ အထင်လွဲခံရတယ်။”ဟု SBLPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရွှေဘို – ရေဦးလမ်းပေါ်ရှိ ပန်းရံ-လိပ်ချင်း-စိုက်ပျိုးရေးလမ်းပိုင်းအပါအဝင် မည်သည့်လမ်းကိုမျှ သွားလာခွင့်ပြုမထားကြောင်း၊ စစ်ကောင်စီတပ်နှင့်နောက်လိုက်များ၏ နားယောင်ပြီး လမ်းပေါ်မတက်မိရန် SBLPDF အဖွဲ့က မေတ္တာရပ်ခံသည်။
“နယ်တွေမှာ အင်တာနက်လိုင်းမပြောနဲ့ ဖုန်းလိုင်းတောင် ကောင်းကောင်းမရကြဘူး။ တချို့ရွာသူ ရွာသားတွေက မသိကြတာလည်း ဖြစ်နိုင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းကလည်း ရွှေဘို – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ညောင်ပင်သာစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ ကားအစီးရေရာချီပိတ်မိခဲ့သေးသည်။
