တော်လှန်ရေးကို အောင်မြင်စွာအမြန်အဆုံးသတ်နိုင်ရေး အားလုံးအတူကြိုးစားရမည်ဟု အသိပေး
လာမည့်တစ်နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေးရာစသည့် ဘက်ပေါင်းစုံကနေ ဟန်ချက်ညီညီထိုးစစ်ဆင်မည့် စီမံချက်သည် မလွယ်ကူသော်လည်း ပြည်သူအားလုံး တချိန်တည်းရုန်းရမည့် အချိန်ကျပြီဟုယုံကြည်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ (အောက်တိုဘာ ၁၂ရက်)တွင် ကျင်းပရာ ဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လာမည့် တစ်နှစ်တာကာလကို တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ်ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး ညီညီညာညာ ဟန်ချက်ညီစွာဖြင့် အစွမ်းကုန်ကြိုးစားကြရမည်ဖြစ် ၎င်းက ဆိုသည်။
” တချို့ကလည်း တစ်နှစ်တာကာလအတွင်း ဖြစ်နိုင်ပါမလားဟု စိုးရိမ်ပူပန်မှုများရှိနိုင်ပါကြောင်း၊ အခက်အခဲများ ကြမ်းတမ်းမှုများကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကျွန်တော်တို့ ပြည်သူတွေအားလုံး ရင်ဆိုင်ခဲ့ရပြီး ယင်းအချိန်ကတည်းက အခက်အခဲများကို ရင်ဆိုင်ကျော် လွှား နေသည်မှာ ယနေ့အချိန်အထိပဲဖြစ်ပါကြောင်း၊ယုံကြည်မှုတစ်ခုတည်းကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်နေရသည့် ကျွန်တော်တို့ပြည်သူတွေဟာ တိုင်းပြည်အရင်းအမြစ်များကို လက်ဝါးကြီး အုပ်ပြီး အုပ်ချုပ်ရေးအာဏာလုယူထားသည့် စစ်ကောင်စီကို ၁ နှစ်နဲ့၈လထိ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်မှုသည် မှတ်တမ်းတင်ထားရမည့်သမိုင်းတစ်ခုပင်ဖြစ်ပါကြောင်း”ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားသည်။
ဆိုးဝါးလှသည့် စစ်ကောင်စီကို ရင်ဆိုင်နေရသည့် ပြည်သူများသည် စိတ်ရောကိုယ်ပါများစွာ ပင်ပန်းနေသည်ကို ကောင်းစွာ နားလည်ကြောင်း ၎င်းက ဆိုသည်။
“ဒါကြောင့် မလွယ်ကူမှန်းသိသော်လည်း ကျွန် တော်တို့ ပြည်သူတွေအားလုံးတသံတည်းညီပြီး တချိန်တည်း ရုန်းကြရမည့် အချိန်ရောက်လာပြီဟု ယုံကြည် သောကြောင့် တစ်နှစ်တာအစီအမံကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်ထဲက မဟာမိတ် တိုင်းရင်းသားများနှင့်အတူ လွှတ် တော်ကိုယ်စားလှယ်များ၏အားနှင့်အတူရှေ့ဆက်ကြရမည်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တော်လှန်ရေးကို အောင်မြင်စွာ အမြန်ဆုံးအဆုံးသတ်နိုင်ရေး အားလုံးအတူကြိုးစားကြရန် လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
နိုင်ငံရေးအရဖြေရှင်းရမည့် အရေးကိစ္စများရှိသကဲ့သို့ စစ်ရေးအရ ဖြေရှင်းရမည့်အရေး ကိစ္စများလည်းရှိမည်ဖြစ်၍ အစိုးရအဖွဲ့အနေဖြင့် သေချာပြင်ဆင်ထားရန်လိုပြီး ထိုသို့ ပြင်ဆင်နိုင်ရန်အတွက် အားလုံး၏ အကြံပြုချက်များနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှုများ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
