မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် လက်ဖက်ရည် ထိုင်သောက်နေသော စစ်ကောင်စီတပ်ဖွဲဲ့ဝင်နှင့်ပျူစောထီး နှစ်ဦးအား အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၁၁ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရေစကြိုမြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်နှင့်ပျူများ ထိုင်နေကျ နေရှင်နယ်လက်ဖက်ရည်ဆိုင်အတွင်း၌ ရောက်ရှိနေသော စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးအား မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf PDF-MDY၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။
လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

ပစ္စတိုနှင့်ပစ်ခတ်စဥ် ပျူ တစ်ဦးလက်မောင်းထိမှန် လှဲကျစဥ်တွင် လျက်ဆားပုလင်းမိုင်းတစ်လုံး ထပ်မံပစ်သွင်းခဲ့ကြောင်း၊ နေရာတွင်ပင် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Black Wolf PDF-MDY ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သမိုင်းက ပြောသည်။
စစ်သားနှင့်ပျူ နှစ်ဦးသည် လျက်ဆားပုလင်းမိုင်းကြောင့်လှဲကျကာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုမှုခံယူနေသည်ဟု ဗိုလ်သမိုင်းက ဆိုသည်။
“မနေ့က စစ်ဆင်ရေးက ွေးတွေ တော်တော် ထိထားတယ်။ မှတ်တမ်းရုပ်သံ ရိုက်ချိန်မရခဲ့ဘူး။ ရသလို ရရင်ရသလို လုပ်ခဲ့ရတော့ ပြင်ဆင်ချိန်မရှိလိုက်ဘူး။ မနေ့ကဟာက တော်တော်လေး အားရတယ်။သူတို့ ပစ်ချိန် မရခဲ့ဘူး။လက်ဖက်ရည် ထိုင်သောက်နေကြတာဆိုတော့လေ။ ပထမ တစ်ချက် ပစ်ပြီးပြီးချင်း လျက်ဆားပုလင်း ပစ်ထည့်လိုက်တာ ကြားထဲကို ၅စက္ကန့်အတွင်း ပေါက်ကွဲတာဆိုတော့ အဲ့ကောင်တွေ အတုန်းအရုန်းလဲတာပါပဲ။”ဟု ဗိုလ်သမိုင်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား MDY-PDF (မန္တလေးခရိုင် တပ်ရင်း-၃)၊ ဒေါင်းညီနောင် (MDYတပ်ရင်း -၃/တပ်ခွဲ-၃)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့( ပခုက္ကူ ခရိုင်တပ်ရင်း-၁၀/ တပ်ခွဲ- ၃)စသည့်မဟာမိတ်ညီနောင်အဖွဲ့များက မြို့ပြပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။
Black Wolf PDF-MDYနှင့် မဟာမိတ်အဖွဲ့များသည် အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီ၏ရုံးပေါင်းစုံရှေ့၌ ကင်းစောင့်နေသော စစ်တပ်နှင့်ပျူများအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
