အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆ဝဦး အပါအဝင် ဖမ်းဆီးခံ ဒီမိုကရေစီအရေးတိုက်ပွဲဝင် တက်ကြွလှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် ယမန်နေ့(အောက်တိုဘာ ၁၁)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နိုင်ငံတကာအလုပ်သမား သမဂ္ဂအဖွဲ့များက တောင်းဆိုဆန္ဒပြခဲ့သည်။
နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက “Relese All Imprisoned Trade Unionists in Myanmar Now” (မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကို လွှတ်ပေးပါ) စာသားနှင့် ဖမ်းဆီးခံ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ ရုပ်ပုံများ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။



ထို့အပြင် ဖမ်းဆီးခံ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးအပါအဝင် လုံခြုံစိတ်ချရသည့် အခြေအနေရရှိရန်နှင့် မိသားစုထံကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း စုပေါင်းတောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။
