မကွေးတိုင်း၊ ငဖဲမြို့နယ် အတွင်း ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသမီးငယ် ၂ ဦး ရဲ့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုရှာတွေ့ပြီလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ က ဒီနေ့မှာထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ် ၊ ဘုံးဘောကျေးရွာ က အသက် ၁၇ နှစ်အရွယ် မိုင်နှောင်ပါလှ နဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေစင်ရဲ တို့ဟာ အောက်တိုဘာလ ၆ ရက်က ဂုတ်ကြီးရွာကိုသွားရောက်စဉ်မှာပျောက်ဆုံးသွားတာပါ။

၃ ရက်အကြာ အောက်တိုဘာလ ၉ ရက်မှာတော့ ဘုံးဘောရွာ ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြေလတ်ရွာအနီး လည်ပင်းနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာအများအပြားနဲ့တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ချင်းအမျိုးသမီးငယ် ၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ကျုးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးသွားမယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အသိပေးထားပါတယ်။
