မန္တလေးမြို့ပေါ်တွင် တစ်ညတည်းလုယက်သတ်ဖြတ်မှုနှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၁၀ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့ (၆၂)လမ်း၊ (၁၆)လမ်းနှင့် (၁၇)လမ်းကြားတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်းအလုခံခဲ့ရပြီး ၎င်းအမျိုးသားမှာ ဘယ်နားထင်နောက်တွင် ထိုးသွင်းဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားခဲ့ကြောင်း မန္တလေးမြို့ လူမှုကူညီရေးအသင်းများက ပြောသည်။
သေဆုံးသူမှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား အကွက်(၁၀)တွင် နေထိုင်သူ အသက်(၄၈)နှစ်အရွယ် ကိုစံထွန်းဝင်းဆိုသူဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။
ထိုနေ့ ည ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း မန္တလေးတောင်ခြေ၌ ကျောက်တော်ကြီးဘုရားပွဲကျင်းပနေချိန် ဘိုးဘိုးကြီးနန်းရှေ့တွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာနေ အသက်(၁၆)နှစ်အရွယ် မောင်ရဲထက်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ညထွက်ရင်သတိလေးထားပြီး သွားလာကြပါ။ လုယက်တဲ့သူတွေက ခေါင်းကိုတစ်ချက်တည်းအသေရိုက်တာပါ။ ကိုယ်တွေ့ပါ။ ကံကောင်းလို့မသေပါဘူး။ ဆိုင်ကယ်တော့ပါသွားတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက် သတ်ဖြတ်မှုဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာပြီး နေ့ရောညပါ သတိထားသွားလာနေရကြောင်း ဒေသခံများက ပြောသည်။
