မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းမှ စစ်သားအများဆုံးပါသော ယာဥ်အားရွေးချယ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးလမ်းဘေးထိုးကျပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသော စစ်ကောင်စီ၏ ၅စီးပါ ယာဥ်တန်းအား ငါန်းမြာ-ငါန်းဇွန် ကားလမ်းမပေါ် နတ်ကြီးရွာနှင့် ကုန်းလည်ရွာကြားအရောက်၌ စစ်ကောင်စီတပ်သားအများဆုံးပါသော ယာဥ်အားရွေးပြီး ပဒေသာမိုင်း (၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယာဥ်နှစ်စီး တည့်တည့်ထိမှန်ခဲ့ပြီး တစ်စီးမှာ လမ်းဘေးသို့ ထိုးကျပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့ကြောင်း 27 Revolution Force က ပြောသည်။
ထို့အပြင် ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။
“ဆီမီးခုံ-ငါန်းဇွန်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး စခတွေက ဘေးဝန်းကျင်ရမ်းပစ်ခဲ့တယ်။ ပြီးတော့ ရှေ့ဆက်မသွားရဲတော့ဘဲ နီးရာသားကျင်ရွာကစာသင်ကျောင်းမှာ ညအိပ်နေခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၉ရက် မွန်းလွဲ ၁၂ နာရီ ၂၅မိနစ်ခန့်ကလည်း မြင်းခြံ – နဘူးအိုင်လမ်း၌ စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း Myingyan 35 အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
