အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သူများကို ရှင်းလင်းမည့်အကြောင်း ကြိုတင်သတိပေးသည့်အနေဖြင့် မှော်ဘီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မှော်ဘီ့ရင်သွေးတပ်(Hmawbi Youths Army)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကြိုတင်သတိပေးရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့မလုပ်ချင်ပါဘူး။ မလွှဲသာလို့လုပ်ရတာပါ။ သတိပေးလို့ရပ်သွားရင် ဆက်မလုပ်ပါဘူး”ဟု ၎င်းက ပြောသည်။
ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ထိခိုက်မှုရှိပါတယ်။ အတိအကျမသိရသေးပါ”ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်မှူထမ်းဟောင်းအိမ်ရာ၌ စစ်မှုပြန်လည်ထမ်းဆောင်သူများရှိသလို ဒလန်လုပ်ဆောင်နေသူများ ရှိသောကြောင့် သတိပေးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ယင်းစစ်ဆင်ရေးကို ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်မြောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မှော်ဘီရင်သွေးတပ်မှ တာဝန်ရှိသူက ပြောသည်။
ဒေါင်းအလံလွှင့်စစ်ဆင်ရေးကို ဩဂုတ် ၂၆ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်တွင် အမှတ် (၄)လမ်းဆုံ လုံခြုံရေးဂိတ် ၊ ဒုတိယအကြိမ်တွင် မှော်ဘီမြို့မရဲစခန်း နှင့် တတိယအကြိမ်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
