မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ရပ်မပေး၍ အပစ်ခံရသူနှစ်ဦးလုံး သေဆုံးခြင်းမရှိဘဲ ဆေးကုသမှုခံယူခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၁၀ရက်) ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာနေ (ဉာဏ်ကန် ရှောက်တောဇာတိဖွား) ကိုဆန်းဝင်းနှင့် ကိုစိန်ရွှေကို ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲတွင် ဆိုင်ကယ်မရပ်ပေး၍ စစ်ကောင်စီလက်အောက်ခံ ရဲများက ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး ဒဏ်ရာရရှိခဲ့ကြောင်း၊ မည်သူမျှသေဆုံးခြင်းမရှိဘဲ ဆေးကုသမှုခံယူခဲ့ကြောင်း Voice Of Wundwinအဖွဲ့က ပြောသည်။
“ကိုဆန်းဝင်းဆိုသူက ရင်ညွန့်ကိုမှန်တယ်။ ကိုစိန်ရွှေကတော့ လည်ပင်းနှင့်လက်မောင်းမှန်တယ်။ ဒီမနက် နှစ်ယောက်လုံး ဆေးရုံက ဆင်းလာပြီ။ ွေးများကပစ်ခတ်ပြီး လူမှားသည်ဟုဆိုကာ ဒီတိုင်းထားခဲ့တာပါ။”ဟု Voice Of Wundwin အဖွဲ့က ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် အောက်တိုဘာ ၉ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ယာယီစခန်းမှူးအား WTRF အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။
စခန်းမှူးပစ်ခတ်ခံရပြီးနောက် ယမန်နေ့က ဝမ်းတွင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က တင်းကြပ်စွာစစ်ဆေးခဲ့ပြီး အောင်မင်္ဂလာ၊ မကျည်းစု၊ မြကန်သာရက်ကွက်များအားပိတ်ပြီး စစ်ဆေးခဲ့ရာ ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ပြောသည်။
“တချို့တွေပြန်လွှတ်လိုက်ပြီ။ ပိုက်ဆံလည်းကုန် အထုအထောင်းလည်းခံရတာပေါ့။ တချို့တော့ကျန်သေးတယ် အရေအတွက်တော့ တိတိကျကျမသိဘူးဗျ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်း၌ စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည့် နယ်တစ်ခုဖြစ်သည်။
