စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ လူငယ်ရဲဘော်နှစ်ဦး စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရန်ပြင်ဆင်ရင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ အသက် (၂၀)နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်ကနှင့် အသက် (၁၈)နှစ်အရွယ် ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့သည် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် မိုင်းဆင်သွားရင်း စစ်ကောင်စီတပ်၏ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရကာ ကျဆုံးခဲ့ကြောင်း မုရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မိုင်းဆင်သွားရင်း စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းတွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲဘော်နှစ်ယောက်လုံးက အသက်ငယ်ပေမယ့်တော်လှန်ရေးမှာအတော်အားကိုးရတဲ့ ရဲဘော်တွေပါ”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းတို့နှစ်ဦးသည် နိုင်ငံတော်အတွက်အသက်ပေး၍ မြင့်မြတ်စွာကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသဖြင့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း -၄ အနေဖြင့်မိသားစုနှင့်ထပ်တူထပ်မျှ ဆိုနင့်ကြေကွဲဝမ်းနည်းကြောင်းလည်းဖော်ပြသည်။
အာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကို ကျန်ရစ်သောရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။
