ကယား(ကရင်နီ)ဒေသရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားရေးတွင် ကျောင်းသားသုံးဦးလျှင် ဖတ်စာအုပ်တစ်အုပ်သာရှိသောကြောင့် ဖတ်စာအုပ်များအရေးတကြီးလိုအပ်နေကြောင်း ကယား(ကရင်နီ)ပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက ပြောသည်။
ဒေသတစ်ခုလုံးတွင် ကြားကာလပညာရေးဖော်ဆောင်လျှက်ရှိသည့် ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာအဆိုပါကျောင်းများတွင် ပညာသင်ယူလျှက်ရှိသည့် စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိသည်ဟုဆိုသည်။

“စစ်ရှောင်များရဲ့ အခက်အခဲကတော့ အများကြီးရှိပေမဲ့ လတ်တစ်လော ကြုံတွေ့နေရတာကတော့ ဖတ်စာအုပ် အခက်အခဲပါ။ စာရေးကိရိယာ၊ ဖတ်စာအုပ် လုံလောက်မှုမရှိပါဘူး။ ကလေး ၃ ယောက်တစ်အုပ်၊ နှစ်ယောက်တစ်အုပ် ကြည့်ရတဲ့ အနေအထားမှာ ရှိပါတယ်ရှင့်”ဟု ဆရာ၊ ဆရာမများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှနေ့စဥ်နီးပါးလက်နက်ကြီးပစ်ခတ်မှုများကြောင့် အန္တရာယ်ကြားမှ ပညာရေးကိုခက်ခက်ခဲခဲဖော်ဆောင်နေရပြီး အမိုးအကာများ မပြည့်စုံခြင်း၊ စာသင်ဆောင်များကောင်းမွန်ပြည့်စုံမှုမရှိခြင်းတို့ရှိနေသည်ဟုရှင်းပြသည်။
ထို့ကြောင့် “ရင်သွေးငယ်တို့ ပညာရေး မိဘပြည်သူဝိုင်းကူပေး”ကမ်ပိန်းအား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ ကမ်ပိန်းကာလသတ်မှတ်လုပ်ဆောင်လျှက်ရှိကာ သတ်မှတ်ပမာဏကျပ်သိန်း (၃,၀၀၀)သတ်မှတ်ထားသည်ဟု ကြေညာထားသည်။

လက်ရှိတွင် ကမ်ပိန်းကာလ ၁၁ ရက်အတွင်း ကျပ်သိန်း (၅၀၀)ခန့်သာရရှိသေးတာကြောင့် သတ်မှတ်ပမာဏပြည့်မီရန် ပြည်တွင်းပြည်ပရှိ အလှူရှင်များမှ ဝန်းဝိုင်းကူညီပံ့ပိုးပေးကြရန် နှိုးဆော်တိုက်တွန်းထားသည်။
ပံ့ပိုးကူညီလိုသူများအနေဖြင့် ပြည်ပမှ ပါဝင်လှူဒါန်းလိုလျှင် We Love Myanmar facebook page –https://www.facebook.com/welovemm2022/ သို့ ဆက်သွယ်နိင်ပြီး ပြည်တွင်းမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများ သမဂ္ဂ Facebook page messenger မှ တစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။
