ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။
ယနေ့(အောက်တိုဘာ ၁၁ ရက်)နံနက် ၆နာရီခန့်က ရေး – ထားဝယ်လမ်း မောင်မယ်ရှောင်တံတားအနီးတွင် ထားဝယ်မှ ရေဖြူမြို့ဘက်သို့ဦးတည်လာသည့် အစီးရေ ကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်မိုင်းတစ်လုံး၊ ရှေ့ ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုအတွင်း အစီးရေကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းမှ လေးစီးမြောက်ယာဥ်မှာ မိုင်းထိပြီး လမ်းဘေးချော်ကျသည်ကိုတွေ့ရှိရပြီး ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အတိအကျမသိရသေးဟု အထက်ပါရဲဘော်က ဆက်ပြောသည်။
စစ်ကောင်စီတပ်ယာဥ်တန်းသည် ထားဝယ်မှ ရေဖြူဘက်သို့ ဆက်လက်ဦးတည်မောင်းနှင်သွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
