မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ပုလဲမြေသြဇာအား သယ်ယူခွင့်မပြုဘဲ သိမ်းယူနေ၍ တောင်သူများ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းခွဲတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်၍ မှတ်ပုံတင်စစ်ဆေးခြင်း၊ မီးခြစ်၊ ဓာတ်ခဲ၊ ဝါယာကြိုးတို့အပြင် ပုလဲမြေသြဇာတို့ကို တွေ့ရှိပါက ဖမ်းဆီးသိမ်းယူနေကြောင်း ဒေသခံများက ပြောသည်။
“(၁၀)မိုင်လမ်းခွဲက စခတွေဟာ တောင်သူတွေကို ပုလဲမြေဩဇာ လုံးဝသယ်ယူခွင့် မပြုတဲ့အတွက် တောင်သူတွေမှာ အခက်တွေ့နေကြပါတယ်။ စိုက်ပျိုးသီးနှံတွေမှာ ပုလဲမြေဩဇာဟာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။စိုက်ပျိုးသီးနှံများကို ပုလဲမြေဩဇာ မကျွေးရပါက သေချာပေါက် အထွက်လျော့မှာ ဖြစ်ပါတယ်။”ဟု We Love Seik Phyu အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆီပေပါများကိုလည်း စစ်ဆေးခြင်း၊ ဆန်အိတ်များကိုလည်း ဓါးဖြင့်ထိုးခွဲကာ စစ်ဆေးလေ့ရှိကြောင်း၊ ထိုသို့စစ်ဆေးနေသည်မှာ နှစ်လကျော်ပြီဖြစ်၍ တောင်သူများအခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
“ဖောက်ခွဲအတွက် ပုလဲကအသုံးဝင်လို့ လို့ပြောတယ်။ ဘတ္ထရီအိုးမသယ်ရဘူး။ ဝါယာကအစ။ တခြားလမ်းက သယ်ဖို့ကခက်မှာ။ အဲ့ဘက်ကရွာတွေကအဲ့ဒီလမ်းပဲရှိတာမို့။ အခက်အခဲ ရှိတာတော့အမှန်ပဲ။ အဲ့လိုလမ်းမှာ စစ်နေတာတော့ကြာပြီ။”ဟု ဆိပ်ဖြူဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဆယ်မိုင်လမ်းခွဲအပြင် လက်ဆည် ရဲစခန်း မြောက်ဘက်နား ဂုဏ်ကုန်း၊ ကဇွန်းမ အရှေ့ဘက် ပုသိမ် – မုံရွာလမ်းဆုံ စသည့်နေရာများတွင်လည်း စစ်ဆေးလေ့ရှိကြောင်း ဆိပ်ဖြူနယ်ခံများက ပြောသည်။
ဆိပ်ဖြူမြို့နယ်သည် မကွေးတိုင်း၊ ပေါက်၊ မြိုင်၊ ပခုက္ကူနယ်များနှင့်ထိစပ်လျက်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ကြုံတွေ့နေရဆဲဖြစ်သည်။
