မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ရပ်မပေး၍ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲများက အမျိုးသားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၁၀ရက်) ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာနေ (ဉာဏ်ကန် ရှောက်တောဇာတိဖွား)ကိုဆန်းဝင်းနှင့် ကိုစိန်ရွှေကို ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲတွင် ဆိုင်ကယ်မရပ်ပေး၍ စစ်ကောင်စီလက်အောက်ခံ ရဲများက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်းဆိုသူမှာ သေနတ်ဒဏ်ရာဖြင့် နေရာ၌ပွဲချင်းပြီး သေဆုံးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။
ကိုစိန်ရွှေဆိုသူမှာမူ လည်ပင်းနှင့်ဒူးတွင် ဒဏ်ရာရရှိသွားပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ရဲများက ပစ်ခတ်ပြီးနောက် လူမှားသည်ဟုဆိုကာ အဆိုပါနှစ်ဦးအား အခင်းဖြစ်ရာနေရာမှာပင် ထားခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။
“ွေးတွေက မြို့ပေါ်ကလမ်းပေါ်မှာ ဒီနေ့တစ်နေကုန်အစစ်ဆေးကြမ်းနေတာ။ ဘာမှအပြစ်မှမရှိဘဲလည်း ထိုင်ထလုပ်ခိုင်းတယ်။ ဖားခုန်ခိုင်းတယ်။ ကန်တယ်။ ဆိုင်ကယ်မရပ်လို့ဆိုပြီးနောက်ကအတင်းလိုက်ပြီးပစ်တာ။ အပစ်ခံရတဲ့ နှစ်ယောက်ကအသက်ကြီးပြီ။”ဟု ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည့် ဝမ်းတွင်းမြို့နယ်တွင် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ယာယီစခန်းမှုအား WTRF အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ညအချိန်ဂိမ်းဆော့နေသည့်လူငယ်များကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။
