မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအင်အားလျော့နည်းလာပြီး ဇီးပြားကျေးရွာရှိ ပျူ ၂၇ ဦး ပြည်သူနှင့်ပူးပေါင်းကာ အလင်းဝင်ရောက်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယျာက ပြောသည်။
အောက်တိုဘာ ၈ ရက်က မြိုင်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၇ဦးတို့သည် အမြင်မှန်ရရှိကာ စစ်ကောင်စီနှင့်ပူးပေါင်းခြင်း မရှိတော့ဘဲ ကျေးရွာနေအိမ်များမှစွန့်ခွာကာ ကာကွယ်ရေးအဖွဲ့များထံ ပူးပေါင်းလာခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။
၎င်းတို့အား ဒေသအသီးသီးရှိ စစ်ရှောင်စခန်းများသို့ စားဝတ်နေရေးစောင့်ရှောက်ပေးခြင်း၊ လက်ကိုင်ဖုန်းများမှ ဆင်းကတ်များသိမ်းဆည်းခြင်း၊ အထိုင်ဖုန်းတို့ဖြင့် ဆွေမျိုးများထံ ကောင်းမွန်စွာနေထိုင်ရကြောင်း ဆက်သွယ်စေခြင်း၊ မိမိတို့သွားလိုရာဒေသများသို့ သွားလာရန်စီစဥ်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းတို့ဆောင်ရွက်ပေးထားကြောင်း မြိုင် (ပကဖ)အဖွဲ့က ပြောသည်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် လက်ယျာက “သူတို့က ရွာထဲမနေချင်တော့ဘူး။ ွေးတွေက ကင်းစောင့်ခိုင်းနေတာ။ ွေးတွေက သူတို့ဟာသူတို့စခန်းနေတယ်။ လက်နက်လည်းမပေးဘဲနဲ့ ဓါးတို့ အက်ဆစ်ပုလင်းတို့လောက်ပဲပေးတာ။ ကာကွယ်ရေးအဖွဲ့တွေက မကြာခဏလာတိုက်တော့ လက်နက်လည်းမပေးဘဲနဲ့ ကိုယ့်အချင်းချင်းပဲ တိုက်နေရတော့ ဆက်သွယ်လာပြီး အလင်းဝင်ပူးပေါင်းတာပါ။ အမြင်မှန်ရတာ ဟုတ်တယ်။ သူတို့က တောတောင်တွေမှာ တဲတွေဘာတွေဆောက်ပြီးနေကြရတော့တာ။ ကျွန်တော်တို့ဘက်က အားကောင်းလာတော့ လက်နက်ကြီးတွေဘာတွေနဲ့ သွားပစ်ပြီး မလုံခြုံဘူးဆိုတာသိလာတော့ ဆက်သွယ်ပြီးအလင်းဝင်လာတာ။ ဆက်သွယ်တာကြာပြီ။ သူတို့တိုက်ပြီးတစ်ရက်နှစ်ရက်နေတော့ ဆက်သွယ်တယ်။ လာချင်ပါတယ်ဆိုပြီး။”ဟု ပြောသည်။
မြိုင်နယ်တွင် ကျေးရွာပေါင်း ၃၃၀ ကျော်ရှိသည့်အနက် ပျူရွာမှာလက်တစ်ဖက်စာပင် မပြည့်တော့ကြောင်း၊ ပျူများသည် အလင်းဝင်ရောက်ပြီးနောက် အခြားနယ်ဒေသများသို့ ပြောင်းရွှေ့သွားကြကြောင်း ဗိုလ်လက်ယျာက ပြောသည်။
အလင်းဝင်လာသည့်ပျူများသည် ပြည်သူ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တသားတည်းဖြစ်သည်ကိုတွေ့ရှိရ၍ အခြားပျူများအနေဖြင့်လည်း ပြည်သူရင်ခွင် ခိုလုံကြပါရန်နှင့် ကောင်းခြင်းအသိ အမြန်ရှိကြပါရန် မြိုင်(ပကဖ)အဖွဲ့က မေတ္တာရပ်ခံသည်။
မြိုင်နယ်တွင် အလင်းဝင်ရောက်လာသည့်ပျူ ၅၃ဦးရှိထားပြီး ယခု ၂၇ဦးနှင့်ဆိုပါက ၈၀ ဦးခန့် ရှိပြီဖြစ်ကြောင်း မြိုင်(ပကဖ)က ပြောသည်။
