မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မ ရဲစခန်းရှိ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စောအား ယနေ့ညနေပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေဆုံးသွားကြောင်း ဝမ်းတွင်းအခြေစိုက် WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (အောက်တိုဘာလ ၉ ရက်) သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ မြို့မစခန်းမှ ရဲအုပ်စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်) ပူးတွဲတာဝန်ယူထားသူအား သေနတ်၆ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ WTRF ပြန်ကြားရေးတာဝန်ခံက “ဝမ်းတွင်းအမှတ်(၁)ရက်ကွက်ရုံးရှေ့မှာ ကားမောင်းနေတဲ့အချိန် နောက်ကလိုက်ပစ်တာ ၆ချက်ပစ်တာ ၆လုံးပြူးပါတယ်။ ခေါင်းကိုပစ်တာ။လုံခြုံရေးအခြေနေအရအဆင်မပြေလို့ ပစ္စည်းမရလိုက်ဘူး။အတွင်းလူပူးပေါင်းပါဝင်မှုနဲ့လုပ်နိုင်သွားတာ။”ဟု ပြောသည်။
ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။
