စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပါအဝင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ရဲဘော် ၁၅ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(အောက်တိုဘာ၈ ရက်)က စစ်ကောင်စီတပ် သည် ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ဘုရားလေးကုန်ကျေးရွာ အနီးတဝိုက်အား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်ရှိ တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ရှစ်ဦး အလောင်းတော့တွေ့ထားပြီ။ လာပစ်သွားတာက ဂျက် Fighter နှစ်စီးနဲ့ ဗုံးလေးလုံးကြဲချပြီးတော့ MI 35 နှစ်စီးက အနီးကပ်ပစ်တယ်။ နောက်ပိုင်း ထောက်ပို့ရဟတ်ယာဥ်နဲ့ လူချတယ်။ အသေ အပျောက်က ရှိနိုင်သေးတယ်။”ဟု နယ်ခံပြည်သူတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲဘော် ခုနစ်ဦးကျဆုံးခဲ့ကြောင်း MDF- Hydra Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ်၊ တပ်သစ်ကျေးရွာမှ စစ်ကောင် စီတပ်နှင့်ပျူများသည် ကလဇင်ရွာနှင့် ဒယ်ရောက်ကျေးရွာကြားတွင် MDF- Hydra Force ၊မြောက်ပိုင်းမဟာမိတ် (ဓူဝံ) နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ၄၅မိနှစ်ခန့်ကြာ ထိတွေ့မှုဖြစ်ခဲ့သည်။
စစ်ကောင်စီဘက်က လက်နက်ကြီး၊ စက်လက် များဖြင့် ကျေးရွာအတွင်းသို့အဆက်မပြတ် ပစ်ခက်ခဲ့သဖြင့် ရွာသူ၊ရွာသားများအား အရေးပေါ်ကယ်ထုတ်ခဲ့ရပြီး အထိခိုက်ကျဆုံးမသိရသေးကြောင်း၊ ပြည်သူ့ရဲဘော် ခုနစ်ဦးကျဆုံးခဲ့ကြောင်း MDF- Hydra Forceအဖွဲ့က အသိပေးသည်။
သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။
