သူနာပြုဆရာမဒေါ်သိင်္ဂီစိုးသည် စစ်ကောင်စီကCDM ဝန်ထမ်းများအား လိုက်လံဖမ်းဆီးနှိပ်စက်နေမှုကြောင့် ရှောင်တိမ်းနေရစဥ် ထိုင်းနိုင်ငံသို့သွားရင်းသေဆုံးခဲ့ရခြင်းဖြစ်သောကြောင့် စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချကြောင်းCDM Medical Network ကထုတ်ပြန်သည်။
ဒေါ်သိင်္ဂီစိုးသည်ဘားအံပြည်သူ့ဆေးရုံကြီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော သူနာပြုဆရာမတစ်ဦးဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးနေသောကြောင့် မြန်မာ-ထိုင်းနယ်စပ် မော်ဖိုးကေ ဒေသတွင် တိမ်းရှောင်နေရသူဖြစ်ကြောင်း CDM Medical Networkက ထုတ်ပြန်ထားသည်။ ထိုင်းဘက်ခြမ်းရှိ မယ်တန်သို့ဈေးဝယ်သွားစဉ် ထိုင်းရဲများက ဖမ်းဆီးသဖြင့် မြစ်ကိုဖြတ်ကူး၍ ပြန်ပြေးလာခဲ့ရာ ရေနစ်သေဆုံးခဲ့ခြင်းဟု CDM Medical Network က ထုတ်ပြန်အသိပေး ထားသည်။

” ယခုကဲ့သို့ ရှောင်တိမ်းနေရသော CDM ဝန်ထမ်း သေဆုံးမှုသည် တရားမဝင် အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ၏ CDM ဝန်ထမ်းများအား လိုက်လံဖမ်းစီးနှိပ်စက်နေမှုကြောင့်သာ ရှောင်တိမ်းနေရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအား CDM ကျန်းမာရေးဝန်ထမ်းများနှင့် ထပ်တူ CDM Medical Network မှ ပြင်းထန်စွာရှုံ့ချပါသည်” ဟု CDM Medical Network က ယနေ့(အောက်တိုဘာလ ၈ရက်)ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။
CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ အောက်လမ်းမှသွားရောက်စဥ် ထိုင်းရဲက လိုက်ဖမ်းသောကြောင့် သောင်ရင်းမြစ်အတွင်း ခုန်ချ၍ရေးကူးတိမ်းရှောင်ရန် ကြိုးစားရင်းရေမကူးနိုင်တော့ဘဲရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူမ၏ မိတ်ဆွေများကပြောသည်။
“သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်” ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။
ဆရာမ ဒေါ်သိင်္ဂီစိုးတွင် အသက် လေးနှစ်အရွယ် ကလေးငယ် သားလေးတစ်ဦး ကျန်ရစ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသော ကျန်းမာရေး CDM ဝန်ထမ်းများ နှင့် အခြား CDM ဝန်ထမ်းများသာမက မတရား ဖမ်းဆီး အကျဉ်းချခံထားရသော အပြစ်မဲ့ CDM ဝန်ထမ်းများ အားလုံး၏ အသက်ဘေးကို များစွာစိုးရိမ်ကြောင်းလည်း CDM Medical Networkက ထုတ်ပြန်ထားသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေးနှင့် အရေးတော်ပုံ အောင်မြင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများတစ်ရပ်လုံးနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။
ထိုအပြင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီကလည်း “စိတ်သဘောထားအလွန်ပြည့်ဝသော အဖိုးတန်သူနာပြုဆရာမတစ်ဦးဆုံးရှုံးခဲ့ရသည့် အဆိုပါဖြစ်စဉ်အတွက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ (Interim Federal Nursing and Midwifery Council) အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ များစွာဝမ်းနည်းရပါသည်” ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်သည်။
