စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (အောက်တိုဘာလ ၈ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝက်လက်နယ်အရှေ့ခြမ်းရှိ ရွှေကျင်ကျေးရွာ၊ဘုရားလေးကုန်းရွာ၊ ငါးပန်ချောင်းကျေးရွာများသို့ စစ်ကောင်စီတပ်က Jet Fighter ယာဥ် (၂)စီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ထို့အပြင် Mi-35 နှစ်စီးဖြင့် ပစ်ခတ်၍ Mi-17 (၄)စီးဖြင့် လူချခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အရင်ရက်တွေကတည်းက နေ့ရောညရောထောက်လှမ်းရေးဒုန်းတွေဝဲနေတာပါ။ တည်နေရာရှာသွားတဲ့သဘောပါ။ ဂျက်ဖိုက်တာနှစ်စီး၅ခါပြန် ဗုံးချဲသွားတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ၁နာရီခန့်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရုတ်တရက်လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ရွာနေပြည်သူအများစု ကျေးရွာအတွင်း၌ ပိတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ညကလည်း ဝက်လက်မြို့နယ်နှင့်ဆက်နေသည့် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အရှေ့ဘက် သစ္စာရွှေဂူဘုရားကုန်းတော်ပေါ်ရှိ စစ်ကောင်စီတပ်သည် အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လင်းယဉ်ရွာတောင်ဘက်တွင်တစ်လုံး၊ ရွာသစ်ရွာအနောက်ပိုင်းတွင် နှစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
