စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားရားကျေးရွာကို စစ်ကောင်စီတပ်က ဝိုင်းထားပြီး စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
“တောင်မှာ တစ်ဖွဲ့ရှိတယ်။ မြောက်မှာတစ်ဖွဲ့၊ အရှေ့မှာတစ်ဖွဲ့ရှိတယ်။ရွာကို ဝိုင်းပြီး ရှင်းလင်းရေးပုံစံဝင်သွားပြီ။ ပြည်သူတွေအတွက် စိတ်ပူစရာပဲ”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာခြင်းဖြစ်သည်။
ညောင်ကားရားရွာသည် မြင်းခြံနှင့်မြောင်မြို့နယ်ကြားတွင် တည်ရှိသည်။ ဒေသခံလူဦးရေ တစ်ထောင်ကျော်သည် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“အခါကြီး ရက်ကြီးမှာ စစ်ကြောင်းထိုးလာတယ်။ ဘာပဲဖြစ်ဖြစ် တနေ့ကျရင် စစ်အာဏာရှင်ကို ခွေးမောင်းသလို မောင်းထုတ်သွားမယ်”ဟု မြောင်မြို့ခံတစ်ဦးက ပြောသည်။
မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ၏ နေအိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်နေ၍ သတိထားကြရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက သတိပေးထားသည်။
