စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၂လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
အောက်တိုဘာ ၆ ရက်က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာအား စစ်ကောင်စီ၏ ခမရ(၃၆၃)က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး နေအိမ် ၄၂လုံး မီးလောင်ခဲ့ပြီး ယခင်အကြိမ်များအပါအဝင်စုစုပေါင်း ၁၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“မီးရထား ဘူတာနဲ့နီးတဲ့ဟာလေးတွေပဲကျန်တာ။ အကုန်ရှို့သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇော်ချောင်းရွာကို ယခုနှစ်နှစ်လယ်ပိုင်းက နေအိမ်တစ်လုံးကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၈ ရက်တွင် အိမ်ခြေ(၉၃)လုံး၊ အောက်တိုဘာ ၄ ရက်က အိမ်ခြေ သုံးလုံး၊ စုစုပေါင်းအိမ်ခြေ (၉၇)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့က ပြောသည်။



ဇော်ချောင်းရွာအပါအဝင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိရွာများသည် စစ်ကြောင်းဆက်တိုက်ဝင်ရောက် ဖျက်ဆီးခံရခြင်းကြောင့် ထွက်ပြေးနေရသည့် ပြည်သူအရေအတွက် တစ်နေ့တခြားပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိကန့်ဘလူမြောက်ခြမ်းမှ ဇော်ချောင်း၊သင်တော၊လွင်ကြီး၊အလယ်ခုံ၊ယောကုန်း၊သေတ္တာနှင့်အောက်တဲရွာ စုစုပေါင်း(၇)ရွာမှ ပြည်သူ ခုနစ်ထောင် ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
