ပြည်နယ်ကိစ္စ မင်းအောင်လှိုင်ဆုံးဖြတ်၍မရ၊ ပြည်သူလူထုသာ ဆုံးဖြတ်နိုင်ကြောင်း NUG ရှင်းပြ
မြန်မာနိုင်ငံ၌ စစ်ကောင်စီထိန်းချုပ်သည့် နယ်မြေ တစ်လက်မမှ မရှိစေရေးအတွက် ၀တိုင်းရင်းသားများလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့ကျင်းပသည့် NUG၏ သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီခေါင်းဆောင်နှင့် ၀ ၊ ရှမ်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အခြေ အနေ၊ ပြည်နယ်ကိစ္စတို့နှင့် ပတ်သက်ပြီး NUG၏ သဘောထားအား သတင်းထောက်က မေးမြန်းမှုအပေါ် ဒေါက်တာဆာဆာက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားများကို စစ်ခေါင်းဆောင်များက လိမ်ညာနေခဲ့သည်မှာ နှစ်ပေါင်း ၇၀ကျော်ရှိပြီဖြစ်၍ မိမိတို့၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အတွင် စစ်ကောင်စီနှင့် စကားပြောဆိုနေခြင်းက မည်သို့မှ အဆင်မပြေဟု ဒေါက်တာဆာဆာက ပြောသည်။
“သူတို့ ပါးစပ်ထဲက ထွက်လာတဲ့ဟာက ကတိမရှိဘူး ကဝတ်မရှိဘူး။ တရားဝင်ခြင်းမရှိဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ့်ဖန်တီးဆိုတာ ပင်လုံစာချုပ်ကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ဟာဖြစ်တယ်။ တကယ်တန်းအမှန်ပြောမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ကံကြမ္မာကို စစ်ကောင်စီတွေ မမွေးခင်မှာ ရှိပြီးသားပါ ဖြစ်ပြီးသားပါ။ သူတို့ ပေးရမယ့်ဥစ္စာလည်းမဟုတ်ဘူး။ သူတို့က လက်နက်ကိုင်ပြီးတော့ ကျွန်တော်တို့ကို ကိုယ့်ကံကြမ္မာ ကိုယ့်ဖန်တီးမှုကို လာတိုက်ခိုက်လို့ တော်လှန်ရေးက ဖြစ်ပေါ်လာတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
နွေဦးတော်လှန်ရေးမဖြစ်ပေါ်မီကတည်းကတိုင်းရင်းသားများ အနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ သာတူညီမျှရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်ပေးလာခဲ့ကြောင်း၊ တိုင်းရင်း သားအားလုံး၏ ဘုံရန်သူမှာ အကြမ်းဖက် စစ်ခေါင်းဆောင်များဖြစ်ပြီး ဖက်ဒရယ်မူကို ဖော်ဆောင် မည်ဆိုသည်မှာ တိုင်းရင်းသားများ၏ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ဒေါက်တာဆာဆာက ပြောသည်။
ထို့ပြင် စစ်ကောင်စီကို ကြိုက်နှစ်သက်သည့် တိုင်းရင်းသားရှိသည်ဆိုခြင်းကို မကြားဖူးကြောင်း၊ အာဏာရှင်ကိုကြိုက်နှစ်သက်သည်၊ ကိုယ့်ကံကြမ္မာဖန်တီးခွင့်ကို လာဖျက်ဆီးသူအား ကြိုက်နှစ်သက် သည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် NUGနှင့် ပူးပေါင်းခြင်း မပူးပေါင်းခြင်းက အဓိကမဟုတ်၊ မဟာဗျူဟာပိုင်းဆိုင်ရာ မတူညီနိုင်ခြင်းက ပြဿနာမဟုတ်ကြောင်း ဒေါက်တာဆာဆာက ပြောသည်။
“ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီကို တိုက်မယ် ချင်းပြည်နယ်မှာလည်း တိုက်မယ်အပြတ်၊ စစ်ကိုင်းမှာလည်း တိုက်မယ် မကွေးမှာလည်း တိုက်မယ် ၀ပြည်မှာလည်း တိုက်ကြပါ သူတို့ကို။ လုံး၀ နေရာမရဖို့ မြန်မာနိုင်ငံ လက်မ တစ်လက်မတောင်မှ စစ်ကောင်စီ လက်ထဲမှာမထားဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတာပေါ့”ဟု ဒေါက်တာဆာဆာက ပြောသည်။
NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်ကလည်း “မင်းအောင်လှိုင်ကတော့ ပြည်သူပိုင်တဲ့နိုင်ငံတော်ကို သူပိုင်သလိုလိုနဲ့ ဟိုဟာပေးမယ် ဒီဟာပေးမယ်တွေလုပ်နေတာပေါ့နော်။ ကျွန်တော်တို့ NUGရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတဲ့ဟာပေါ့။ သေချာတာ တစ်ခုက ပြည်သူ လူထုပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်ဗျ။ ဒီဒေသက ဒီနေရာမှာ ရှိတဲ့ ဒီနေရာလေးကို ဟိုပြည်နယ်ထဲ ထည့်မယ် ဒီပြည်နယ်ထဲ ထည့်မယ်တို့ ဆိုတဲ့ ကိစ္စက ကျွန်တော်တို့ NUGကလည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး ။ အဓိကတော့ ပြည်သူလူထုပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်”ဟု ပြောကြားသည်။
ပြည်သူလူထု ဆုံးဖြတ်နိုင်သည့် အခင်းအကျင်းကိုသာ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီလို မဟုတ်ဘဲ ငါအစိုးရဖြစ်တယ် ငါစီမံမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့တော့ အဆင်မပြေဘူးပေါ့။ ကျွန်တော်တို့ကတော့ ပြည်သူလူထုကနေ လွတ်လွတ်လပ်လပ်နဲ့ ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် စီမံဆောင်ရွက်သွားဖို့ပဲရှိတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။
