ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ရာ (၂)နှစ်ကလေးငယ်တစ်ဦးအပါအဝင် ဇာတ်သဘင်အနုပညာရှင် ၁၁ဦး သေဆုံးခဲ့ကြောင်း သဘင်အနုပညာအသိုင်းအဝိုင်းက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ညနေ ၄ နာရီ ၄၅မိနစ်ခန့်က မြဝတီမြို့နယ် ကွမ်းခြံကုန်းအဆင်းတွင် မွန်ပြည်နယ်အခြေစိုက် ‘ပွင့်နေခြည်’ဇာတ်အဖွဲ့ ကားတိမ်းမှောက်ခဲ့ရာ ယခုအချိန်ထိ အနုပညာရှင် ၁၁ဦးကွယ်လွန်ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။



“ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်”ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိခိုက်သူများအနက် အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီး ခုနစ်ဦးထက်မနည်းပါဝင်ကြောင်း၊ မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများက ပြောသည်။
