ဒီနေ့မနက်အစောပိုင်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ် ဓားပြတိုက်မှု က ကျုးလွန်သူအမျိုးသားကို ဖမ်းမိပြီလို့ စစ်အုပ်စုဘက်က ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်လာပါတယ်။
ကျုးလွန်သူအမျိုးသားဟာ အခင်းဖြစ်ပွားတဲ့ နေအိမ်ရှိတဲ့ ရပ်ကွက်မှာပဲ နေထိုင်သူဖြစ်တယ်လို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာ တွေ့ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ၊ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်နဲ့ ဆေးဆိုင် တွဲဖွင့်ထားတဲ့ အိမ်ဟာ ဒီနေ့မနက်ပိုင်းကဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ၂ ဦးပါ အသတ်ခံလိုက်ရတာပါ။
ဓားပြတိုက်ပြီး လူသတ်မှု ကျုးလွန်သူအမျိုးသားဟာ ဆေးဝယ်မယ်ဆိုကာ ဆိုင်တံခါးဖွင့်ခိုင်းပြီးနောက် ပြစ်မှုကျုးလွန်ခဲ့တာလို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။


သတ်ခံရတဲ့အမျိုးသမီး ကြီး ရဲ့လက်ထဲမှာ လူသတ်ဓားပြတိုက်မှုကျုးလွန်သူရဲ့ဆံပင်တွေလို့ယူဆလို့ရတဲ့ ဆံပင်စတွေကို ဆုပ်ထားတာတွေ့လိုက်ရတယ်လို့ အလောင်းကို လူမှုကူညီရေးအသင်းက သယ်ထုတ်ချိန်မှာတွေ့လိုက်ရသူကပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ မြို့ပေါ် တွေမှာတင် လူသတ်မှုတွေ ၊လုယက်မှုတွေ၊ဓားပြတိုက်မှုတွေ ရက်ဆက်ဆိုသလိုပဲဖြစ်ပွားနေပါတယ်။
