အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ပါဝင်
ဟုမ္မလင်းမြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွား၍ ၎င်းတို့၏ အသက်အန္တရာယ်အတွက် မြို့ခံများက စိတ်ပူနေသည်။
ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ သားသမီးသုံးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၅ရက်)ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
ဦးကျော်ဝင်းဆွေသည် အသက် ၃၅နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ်၊အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သည်။
စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား၍ တိမ်းရှောင်နေစဥ် ယခု ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယမန်နေ့ ည ၉နာရီခန့်က ဖမ်းဆီးခံရပြီး ယနေ့ နံနက် ၉နာရီခန့်အထိ နောက်ဆက်တွဲသတင်းမကြားရသေးကြောင်း မုံရွာမြို့ခံများက ပြောသည်။
“စစ်ကောင်စီကတော့ အရမ်းကာရော စစ်တာ၊ဆေးတာလုပ်နေတာမို့ ကျွန်တော်တို့ မိတ်ဆွေကြီးအတွက် စိတ်ပူပါတယ်။ သတင်းထုတ်ပြန်မှုတွေကို နားစွင့်နေရတယ်”ဟု ဦးကျော်ဝင်းဆွေ၏ မိတ်ဆွေတစ်ဦးက ပြောသည်။
