ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ ‘နန်းထိုက်အောင်စစ်ဆင်ရေး‘အဖြစ် မော်ကျွန်းမြို့မှ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ယနေ့ (အောက်တိုဘာ ၅ ရက်) ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီမှ လက်နက်တပ်ဆက်ပေးထားသည့် ပျူစောထီးခေါင်းဆောင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ ခင်မောင်ကြည်အား မော်ကျွန်းမြို့ပေါ်တွင် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ”ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ဧရာဝတီလင်းပိုင် PDF နှင့်အတူ ဘိုကလေး PDF၊ မော်ကျွန်း (ပကဖ)စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းရဲဘော်က အသိပေးသည်။
ဧရာဝတီလင်းပိုင် PDF နှင့် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီထောက်တိုင် ဒလန်များ၊ စစ်အုပ်ချုပ် ရေးများ၊ စီးပွားရေး ထောက်တိုင် များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပါသဖြင့် ၎င်းနှင့်ပတ်သက်သော နေရာများအား ရှောင်ကြည်သွားလာကြရန် ပြည်သူများအား မေတ္တာရပ်ခံ အသိပေးထားသည်။
