စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွေးကြေးမုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူများလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၄ရက်)နံနက် ၉နာရီခွဲခန့်က စစ်ကောင်စီတပ်သည် မုံရွေးကြေးမုံကျေးရွာကို ဝင်ရောက် စီးနင်းပြီး ဒေသခံပြည်သူအများအပြားအား ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပြည်သူတွေကို အိမ်ထဲတွေထိ ဝင်ခေါ်ပြီး ဘုန်းကြီးကျောင်းတွေထဲမှာ ဖမ်းဆီးထားပြီး ဖုန်းတွေ သိမ်းထားတယ်လို့သိရပါတယ်”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။
ယနေ့ (အောက်တိုဘာ ၅ရက်) နံနက်၈ နာရီ မိနစ် ၅၀ခန့်တွင် ကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး နံနက်၁၁နာရီခွဲခန့်တွင်လည်း ထပ်မံမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။
“မုံရွေးကြေးမုံရွာက တာယာလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ကို စပြီး မီးရှို့တာလို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်ရှိ လယ်ဇင်ရွာအဝင်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုးကော်ကာ ဖျက်ဆီးသွားကြောင်း မုံရွာဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းသည့် ကျေးရွာများ၏ မုံရွာ – အမြင့်လမ်းကိုလည်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးခဲ့သေးသည်။
