မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီ ခရိုင်ဒုဥက္ကဌ အပါအဝင် ပါတီထောက်ခံသူ ခြောက်ဦးအသတ်ခံရကြောင်းဒေသခံများက People’s Springသို့ ပြောသည်။
အောက်တိုဘာ ၂ရက် ည၁နာရီခွဲခန့်က ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ရွာ ကျေးရွာနေ NLD ပါတီညောင်ဦးခရိုင်ဒုဥက္ကဌ ဦးကျော်ဝင်းနှင့် သမီးဖြစ်သူကို စစ်ကောင်စီလက်အောက်ခံပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်း ညောင်ဦးမြို့ ဒေသခံများက ပြောသည်။ ထို့နောက် သမီးဖြစ်သူကို ပြန်လွှတ်ပေးပြီး ဦးကျော်ဝင်းကို သတ်ဖြတ်ပြီး နောက်တစ်ရက်တွင်ကျေးရွာရှိအမှိုက်ပုံအနီး၌အလောင်းစွန့်ပစ်ခဲ့ကြောင်းဒေသခံများကပြောသည်။
ထို့အပြင်အောက်တိုဘာ ၂ရက်တွင်ပင်ညောင်ဦးမြို့နယ်စဥ့်ကူကျေးရွာမှ NLD ပါတီထောက်ခံသူအမျိုးသမီးနှစ်ဦးနှင့်အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။ ထိုနောက်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးကို သတ်ဖြတ်ကာ ကျေးရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသည့် အလောင်းသုံးလောင်းအနက် စိန်စတိုးစျေးဆိုင်ပိုင်ရှင် NLD ပါတီဝင်အသက်(၃၂)နှစ်အရွယ် မသော်မီမီဝင်းမှာ အဓမ္မပြုကျင့်ခံထားရကြောင်းလည်းဒေသခံများက ပြောသည်။မသော်မီမီဝင်းမှာသာမာန်ပါတီဝင်တစ်ဦးဖြစ်ပြီး ဒလန်က ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်သတင်းပေး၍ အသတ်ခံရခြင်းဖြစ်နိုင်ကြောင်ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် အောက်တိုဘာ ၃ရက်တွင် ညောင်ဦးမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဇီးကွက်ပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးဇော်ကြီးအား ဆိုင်ကယ်စီး လူသုံးဦးက လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“နေအိမ်လာပြီး ဦးမြင့်စိန်ရှိလား မေးတယ်။ နောက်ပြီး သူ့ကိုခေါ်ပြီးဖမ်းတာ။ အစက ထွက်ပြေးသေးတယ်။ မလွတ်ဘူး၊ အိမ်ထဲမှာပဲ ရိုက်နှက်၊ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ”ဟု ညောင်ဦးမြို့ ဒေသဒေတစ်ဦးက ပြောသည်။
ထို့နောက် ဦးဇော်ကြီးအား သတ်ဖြတ်ပြီးနောက် မြို့ရှောင်လမ်းဘေးတွင် အလောင်းအား စွန့်ပစ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ တောင်ဘီကျေးရွာမှ အာနန္ဒာဘုရားဂေါပကအဖွဲ့ဝင်ဖြစ်သူ ဦးမြင့်ကျော်အား အောက်တိုဘာ ၃ရက်တွင် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ပြီး ၎င်း၏ ရုပ်အလောင်းကိုလည်း မြို့ရှောင်လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦး PDFမှ ရဲဘော်တစ်ဦးကပြောသည်။

ညောင်ဦးမြို့မှ ဦးဇော်ကြီးနှင့် ဦးမြင့်ကျော်တို့၏ ရုပ်အလောင်းများကို အောက်တိုဘာ ၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူခြောက်ဦးအား ဖမ်းဆီးသတ်ဖြတ်သွားသူများမှာ စစ်အုပ်စု၏ လက်ပါးစေ ပျူစောထီးများနှင့် သွေးသောက်အဖွဲ့ဝင်များသည်ဟု ဒေသခံများ သုံးသပ်သည်။ ဖမ်းဆီးသတ်ဖြတ်သူများသည် ဒေသခံများမဟုတ်ဘဲ မျက်နှာစိမ်း လူမိုက်ပုံစံပေါက်နေသူများဖြစ်ကြောင်းလည်းဒေသခံအချို့ကပြောသည်။
“ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
အောက်တိုဘာ ၁ ရက်ကညောင်ဦးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဟောင်းအသတ်ခံရပြီးနောက် NLDပါတီ ထောက်ခံသူများ ဆက်တိုက်အသတ်ခံရခြင်း ဖြစ်သည်။
