ပြည်သူ့ညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း နိုင်ငံရေးဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း လာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန်ရှိလာ၍ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုသတ်မှတ်ထားသည့်အတိုင်း ကျင်းပရန်အခက်အခဲဖြစ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ အသိပေးထုတ်ပြန်သည်။
NUCCအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံကို ၆လတစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ယခုနှစ် ဇန်နဝါရီလကပြုလုပ်ခဲ့ရာ ဒုတိယ အကြိမ်ကို ဇူလိုင်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကျင်းပနိုင်ခြင်းမရှိသေးသည့် အပေါ် ယခုကဲ့သို့ အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။
တော်လှန်ရေးပိုမိုအားကောင်းလာစေရန် သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးသည်နှင့်တစ်ပြိုင်နက် NUCC၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။
