ထင်ရှားသည့် ကဗျာဆရာ၊ စာရေးဆရာ ကြည်ဇော်အေးသည် ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်ခင်းပိုင်းက ကွယ်လွန်သွားခဲ့သည်။
၁၉၇၈ ခုနှစ်ဖွား ဆရာကြည်ဇော်အေးသည် နံနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင်အသက် ၄၄ နှစ် ပြည့်မည်ဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၁ နာရီခွဲခန့်က သတိလစ်သွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း၊ ဦးနှောက်သွေးကြောပေါက်သွားသည်ဟု ဆရာဝန်က ပြောကြားခဲ့ကြောင်း၊ ယနေ့နံနက် ၈ နာရီ ၁၅ ခန့်တွင် ဆုံးပါးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက အသိပေးသည်။
ဆရာကြည်ဇော်အေး အရွယ်ငယ်ငယ်မှာပင်ကွယ်လွန်သွားသဖြင့် စာပေလောကနှင့် စာဖတ်သူ၊ကဗျာချစ်သူများက ဝမ်းနည်းနှာမြောတသကြောင်းရေးသားနေကြသည်။ကြည်ဇော်အေး ရေးသားခဲ့သော ကဗျာစာသားများကို ဖေရ်ဘွခ်လူမှုကွန်ယက်တွင်တင်၍ နှုတ်ဆက်နေကြသည်။
“စစ်ကြီးပြီးရင်
အချစ်သီချင်းလေးတွေပဲနားထောင်ကြမယ်
ချစ်သူများသာ
အဓွန့်ရှည်ပါစေ” ဆိုသောကဗျာစာပိုဒ်နှင့်
မကွယ်လွန်မီ နာရီပိုင်းအလိုကရေးဖွဲ့ခဲ့သော
“လာမယ့်ဆောင်းရာသီ”ကဗျာတို့ကို ဖေစ်ဘွခ်လူမှုကွန်ယက်တွင်မျှဝေနေကြသည်။
စစ်အုပ်စုအာဏာသိမ်းကာလအတွင်း စာရေးဆရာ၊ ကဗျာဆရာများအနက် ကွယ်လွန်သွားသူများမှာပြီးခဲ့သည့် သြဂုတ်လအတွင်းက ဆရာမောင်ပေါ်ထွန်းနှင့် ဆရာလူထုဦးသစ်လွင်၊ ဇူလိုင်လအတွင်းက ဆရာမောင်သာနိုး၊ ၂၀၂၁ ခုနှစ် သြဂုတ်လက ဆရာညီစေမင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဆရာသိုက်ထွန်းသက်တို့ဖြစ်သည်။
၂၀၂၁ ခုနှစ် မေလအတွင်းကလည်းထင်ရှားသောတော်လှန်
ရေး ကဗျာဆရာ ခက်သီသည် ရွှေဘိုမြို့၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကြောရေးတွင် စစ်တပ်ကသတ်ဖြတ်၍ကျဆုံးခဲ့သည်။
မုံရွာမြို့နေ ကဗျာဆရာကေဇဝင်းသည်လည်းအာဏာသိမ်းစ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က ဘုရားနီအနီး သပိတ်စစ်ကြောင်း၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ကျဆုံးခဲ့ရပြီး ၎င်းအပါအဝင် ၉ ဦး၏ ရုပ်အလောင်းများအား စစ်ကောင်စီတပ်က တရွတ်တိုက်ဆွဲယူသွားခဲ့ခြင်းဖြစ်သည်။
ဆရာကြည်ဇော်အေး မကွယ်လွန်ခင်နာရီပိုင်းအလို ၂၀၂၂ အောက်တိုဘာ ၂ ရက်တွင်ရေးဖွဲ့ခဲ့သောကဗျာကိုဖော်ပြပေးလိုက်ပါသည်။
▪︎လာမယ့်ဆောင်းရာသီ
မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်
လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ
အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ
ဖြာကျ
တခါတခါ
ကလေးတယောက်ရဲ့ငိုသံ
တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ
“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်
“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်
ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်
ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ
လှုံကြ ။ ။
