စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပါသုံးနေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (အောက်တိုဘာလ ၂ ရက်) နံနက်ပိုင်းကစတင်ကာ ကျားတက်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆားလင်းကြီးဒေသခံများက ပြောသည်။

“မနက်မိုးမလင်းခင်ထဲက PDF က ဝင်သိမ်းတာလို့ကြားတယ်။ လေယာဉ် နဲ့ပစ်တာက နေ့လယ်ပိုင်းမှ။ တစ်နာရီလောက်ကြာတယ်။ နေ့လယ်ပိုင်းအထိ ဆော်နေကြတုန်းလို့ပြောတယ်။”ဟု ဆားလင်းကြီးဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး စခန်းတွင်းရှိ တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
