ဧရာဝတီမြစ်ရိုးတစ်လျှောက် နာမည်ကြီးနေသည့် ဓားပြဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၈)က ပြောသည်။
အဆိုပါဓားပြဂိုဏ်းမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် လုယက်ဓားပြတိုက်နေသည့် ၁၅ဦးပါ ဓားပြဂိုဏ်းဖြစ်ပြီး ၎င်းတို့အခြေစိုက်ရာ မတ္တရာနယ် စိန်ပန်းကုန်းရွာသို့ စက်တင်ဘာ ၂၃ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၁၈)က ဆိုသည်။

ထိုသို့စီးနင်းရာတွင် တပ်ရင်း (၁၈)မှ တော်လှန်ရေးရဲ ဘော်များအထိအခိုက်မရှိဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ဓားပြဂိုဏ်းမှ အမျိုးသား ၁၄ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၅ဦးကို ၎င်းတို့ကိုင်ဆောင်သည့် တုတ်ဓားလက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်ရင်း (၁၈)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဓားပြခေါင်းဆောင် နိုင်ဝင်းနဲ့ ငြိမ်းဇော်တို့အုပ်စုထံကနေ သက်သေခံပစ္စည်းတွေပါ သိမ်းဆည်းရရှိထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ဓားပြခေါင်းဆောင်နိုင်ဝင်းနှင့် ငြိမ်းဇော်အပါအဝင် အင်အား ၁၅ဦးကို ၎င်းတို့၏ တိုက်ရာပါ ပစ္စည်းများ၊ ကိုင်ဆောင်သောလက်နက်များနှင့်တကွ သက်သေခံပစ္စည်းများစွာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်ရင်းရဲဘော်များ ထိခိုက်မှုလုံးဝမရှိကြောင်း ဝက်လက်မြို့နယ်တော်လှန်ရေးအင်အားစုမှ ဗိုလ်စွန်ရဲက ပြောသည်။
၎င်းဓားပြများသည် ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ရွာများနှင့် မြစ်ဘေးကျေးရွာများကို ပစ်မှတ်ထား ဓားပြတိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓားပြဂိုဏ်းမှ သိမ်းဆည်းရရှိထားသည့်ပစ္စည်းများတွင် ရွှေထည်ပစ္စည်းများ၊ ငွေကြေးအချို့၊ မီးစက်ငါးလုံး၊ ဆိုလားပြားများ၊ ကားဘက်ထရီအိုးများနှင့် လက်ကိုင်ဖုန်းများအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများပါဝင်သည်ကို တွေ့ရသည်။
ဖမ်းဆီးရမိထားသော ဓားပြဂိုဏ်းဝင်များနှင့် ၎င်းတို့လုယက်ဓားပြတိုက်ထားသော သက်သေခံ ပစ္စည်းများအားလုံးကို သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြပြီး လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁၈)က အသိပေးထားသည်။
