၁၀ရက်အတွင်း စစ်ကောင်စီတပ် ၂၅ဦးထက်မနည်းသေဟုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ မြ၀တီ – ဝေါ်လေလမ်း တောင်နီရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်တွင် တောင်နီရွာအနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၄) တပ်အား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂)တို့မှ လက်ဖြောင့် စနိုက်ပါ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။
အဆိုပါဒေသတွင် ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါများ အသုံးပြု တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၀ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက နေ့အလိုက်သတင်းထုတ်ပြန်ထားသည်။
