မှတ်တိုင် ဖျက်သိမ်းသဖြင့် ဘတ်စ်ကားစီး ပြည်သူများ အခက်ကြုံ
မကြာခဏ ဗုံးပစ်တိုက်ခိုက်ခံရသည့် လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၂၈) ညပိုင်း၌ ဖျက်သိမ်းလိုက်သည်။
အင်းစိန်လမ်းမရှိ ဘူတာရုံလမ်းမှတ်တိုင်တွင် “ဘူတာရုံလမ်း မှတ်တိုင် ဖျက်သိမ်းသည်။ မည်သည့်လိုင်းကားမှ မရပ်ရ”ဟု ဆိုင်းဘုတ်စိုက်၍ ဖျက်သိမ်းခဲ့သည့်အပြင် မှတ်တိုင်အနီး ဘက်စ်ကားရပ်နားရန် ပြုလုပ်ထားသည့် မျဥ်းအဝါလိုင်းများကို ဆေးအမည်းများ သုတ်၍ ဖျက်ထားကြောင်း လှိုင်မြို့နယ် ပြည်သူတစ်ဦးက ပြောသည်။
“လိုင်းကားတွေကို ဘူတာရုံလမ်းမှာ လုံးဝ ပေးမရပ်တော့ဘူး။ ရပ်ရင် ပစ်မယ်လို့လဲ စစ်သားတွေက ဘက်စ်ကားဆရာတွေကို ပြောထားတယ်ကြားတယ်။ အခု လှည်းတန်းကနေ ဘူတာရုံလမ်းဘက်ကို ပြန်ရင် သုခ သို့မဟုတ် ဆင်ရေတွင်း မှတ်တိုင်မှာပဲ ခရီးသည်တွေက အဆင်းအတက် လုပ်ရတော့တယ် “ဟု ၎င်းက ပြောသည်။
လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ ဗုံးပစ်ခံရပြီး နောက်ရက်တွင် စစ်ကောင်စီက ဘူတာရုံလမ်း မှတ်တိုင်ကို ဖျက်သိမ်းခဲ့သဖြင့် အဆိုပါလမ်း ဘက်စ်ကားစီး ပြည်သူများမှာ အခက်ကြုံရကြောင်း လှိုင်မြို့နယ်ရှိ ပြည်သူများက ပြောသည်။
“အလုပ်ကနေ မောမောပန်းပန်းနဲ့ ဘူတာရုံလမ်းနားက အိမ်ကို ပြန်လာတာ ဘက်စ်ကားက မရပ်ရတော့ အဝေးကြီး လမ်းလျှောက်လိုက်ရတယ်။ ဘူတာရုံလမ်း မှတ်တိုင်ကနေလည်း အိမ်ကို ထပ်လျှောက်ရတော့ အိမ်ရောက်ဖို့ကို နာရီဝက်လောက် နီးပါး သွားရတာ တော်တော်မလွယ်ပါဘူး။ ဒီလိုစိတ်ကူးမျိုး၊ ဥာဏ်မမှီပုံမျိုးနဲ့ နိုင်ငံကို အုပ်ချုပ်ချင်နေသေးတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
