ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးမှ မတရား စွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ (စက်တင်ဘာ ၂၈)တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချရာ ထောင်ဒဏ် ၂ နှစ်ထပ်မံအမိန့်ချလိုက်ကြောင်း ဗကသများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။
ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုနှင့် ၅၀၅ (ခ) ပုဒ်မတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် ၃ လ ချမှတ်ခံထားရပြီး ဖြစ်သည့်အတွက် ယနေ့တွင် ထောင်ဒဏ် ၂နှစ် ထပ်မံချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်နှင့် ၃လ မတရားအမိန့်ချမှတ်ခြင်း ခံထားရသည်။
ကိုဝေယံဖြိုးမိုးသည် ပြီးခဲ့သည့် ၂၀၂၁ မတ်လ ၃ ရက်တွင် GSC(ပူးပေါင်း) သပိတ်စစ်ကြောင်းအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရချိန် တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ABFSUက ဆိုသည်။
ထို့အပြင် ကိုဝေယံဖြိုးမိုး ရောက်ရှိနေသည့် အင်းစိန် ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တစ်လျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရကြောင်းလည်း ABFSUက ဖော်ပြခဲ့သည်။
