စစ်အုပ်စုက နေအိမ် ၃၀ကို မီးရှို့ဖျက်ဆီးသွား
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျေးရွာတွင် ညအိပ်တပ်စွဲကာနေအိမ်များအား မီးရှို့ဖျက်ဆီးပြီးထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.Kက ယနေ့(စက်တင်ဘာ ၂၈)ထုတ်ပြန်သည်။
ယနေ့နံနက် ၄ နာရီခန့်က ကပေါင်းကျေးရွာမှ နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ အနည်းငယ်ထိခိုက်သွားကြောင်း ဖော်ပြသည်။
“ရွာအထွက်၌ တိုက်မိုင်းတစ်လုံးထိကာ အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ယခု စစ်ကြောင်းသည် ရွာရှည်ရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသိရသည်” ဟု အသိပေးသည်။
အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်ကတည်းက တန့်ဆည်နယ် ကပေါင်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၃ ညအိပ်ပြီး ကျေးရွာအတွင်းတပ်စွဲကာ နေအိမ် များအား မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။
