စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆင်မင်းကျေးရွာကို ဝင်ရောက်စီးနင်းချိန်တွင် ပြည်သူများအား ကယ်ထုတ်ပေးနေသည့် ဒေသကာ ကွယ်ရေးအဖွဲ့မှ ဗိုလ်စနေ ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(စက်တင်ဘာလ ၂၇ ရက်) နံနက်၇နာရီခန့်က မြောင်မြို့နယ်ရဆင်မင်းကျေးရွာသို့ စစ်ကောင်စီတပ်က အင်အား ၆၀ဝန်းကျင်ဖြင့် ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထိုစဥ် ရွာသူ၊ရွာသားများအား ကယ်ထုတ်ပေးနေသည့် ဗိုလ်စနေသည် စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးပြီး လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် များက ပြောသည်။
စစ်ကောင်စီတပ်များ ဆင်မင်းရွာဘုန်းကြီးကျောင်းတွင်းသို့ ဝင်လာစဉ် မြောင်ပြည်သူ့တပ်မတော် (MUA)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၂) ခွဲ(၃)တို့နှင့် ထိတွေ့ ပစ်ခက်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာပြင်းစွာရရှိသွားကြောင်း MUAက အသိပေးသည်။
ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများအား အဆိုပါတပ်က ကျောင်းသင်္ကန်းစနှင့် ထမ်းစင်ပြုလုပ် သယ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ကြောင်း MUA ကပြောသည်။
“စစ်ကူအဖြစ် မိနစ်ပိုင်းအတွင်း လာခဲ့ပေမယ့် အချိန်မမီ၊ စခတွေ ခြံပြန်ဝင်သွားလို့ မပစ်ခက်လိုက်ရဘူး။ ရွာထဲ စစ်မိစ္ဆာများ ရှိ၊မရှိ နယ်မြေရှင်းလင်းစဉ် လမ်းအလယ်မှာ သေနတ်ဒဏ်ရာနဲ့ လဲ ကျနေတဲ့ ဗိုလ်စနေ ကိုတွေ့ရတယ်။ဆိတ်မခေါ် ဗိုလ်စနေ ကျတယ် အသံတွေကြောင့် ရွာထဲဝင်လာတဲ့ ပြည်သူတွေ ငိုကြတယ်။ ငိုသံတွေကြားက ဗိုလ်စနေ အလောင်းကို သယ်ယူမကာ သူ့အိမ်ကလေးမှာပဲ သက်ပျောက်တရားနာခဲ့ရတယ်။”ဟု မြောင်ပြည်သူ့တပ်မတော်(MUA)အဖွဲ့ဝင် ကိုတိုက်ဂါး(မြောင်)က ပြောသည်။
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ စက်တင်ဘာ၂၂ ရက် ကလည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဗိုလ် တောက်ထွန်းအဖွဲ့ဝင် ရဲဘော်ထက်ဝေအောင် ကျဆုံးခဲ့ရသည်။
