အီလက်ထရောနစ်အက်ဥပဒေ ပုဒ်မ (၃၃) ဖြင့် မတရားဖမ်းဆီးခံရပြီး ဒဂုံမြို့သစ်မြောက်ပိုင်း တရားရုံး၌ အမှုရင်ဆိုင်နေရသည့် မော်ဒယ်နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် (၆)နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာက အသိပေးထားသည်။
နန်းမွေ့စံကို ယနေ့(စက်တင်ဘာ ၂၇ရက်)တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သည် စစ်အုပ်ချုပ်ရေးဖြစ်၍ စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
နန်းမွေ့စံကို ထောင်ဒဏ်(၆)နှစ်ချမှတ်သည့်အပေါ် မတရားကြောင်း ပြည်သူများက မှတ်ချက်များရေးသားထားသည်။
နန်းမွေ့စံကဲ့သို့ပင် အီလက်ထရောနစ်အက်ဥပဒေပုဒ်မ (၃၃) ဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ အမှုကို မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးနေပြီး အမိန့်ချမှတ်သည့် အဆင့်သို့ မရောက်သေးကြောင်း ဝါဒဖြန့်မီဒီယာကအသိပေးထားသည်။
