တန့်ဆည်မြို့နယ် ငှက်ပျောက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K က ယနေ့ (စက်တင်ဘာ ၂၆)ထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၂၅ ရက်)က ငှက်ပျောတောရွာဘက်မှထွက်လာသော စစ်ကောင်စီတပ်အား ကပေါင်းကျရွာအဝင်၌ အသင့်ပြင်ထားသော တိုက်မိုင်းများအနက် နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။
“ဒဏ်ရာရစခများအား ရွာအရှေ့ဘက်ရှိခေါတော၌ ဆေးကုသနေကြကြောင်း သိရသည်”ဟု Guerrilla Warfare – K.P.K က ဆိုသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ကပေါင်းကျအရှေ့ရွာနှင့်ခေါတောရွာအား ကူးလူသွားလာနေကြသော စစ်အုပ်စုကိုနောက်ထပ် တိုက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးခန့် ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရွာအရှေ့ဘက်ရှိခေါတော၌ စုစုပေါင်းစစ်ကောင်စီတပ်သား ၂၀ခန့် ဆေးကုသမှု ခံယူနေကြကြောင်းသိရသည်ဟု ဖော်ပြသည်။
