စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်းအား အရေးပေါ်ယာယီပိတ်သိမ်းလိုက်ကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Salingyi GZ Local PDFက ထုတ်ပြန်ကြေညာသည်။
ယနေ့ (စက်တင်ဘာ၂၆ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန် Salingyi GZ Local PDFက အသိပေးသည်။
လမ်းပိုင်းယာယီပိတ်သိမ်းရခြင်းသည်ကို ကြေညာ ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
Salingyi GZ Local PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆားလင်းကြီးမြို့အနီးတဝိုက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ၍ စစ်ကြောင်းနှင့်နီးပါက မိမိတို့၏ ကျေးရွာများအတွင်း၌ နေထိုင်ခြင်းမပြုဘဲ အချိန်မီ ရှောင်တိမ်းကြရန် Salingyi GZ Local PDF က သတိပေးထားသည်။
ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းသည် မုံရွာမြို့သို့ ရေကြောင်းမှ တဆင့်ကူးသန်းရာတွင် အသုံးပြုလေ့ရှိသော လမ်းပိုင်းတစ်ခုဖြစ်ပြီး မကြာခဏတိုက်ခိုက်ခံရသည့် ဝမ်ပေါင်ကုမ္ပဏီဝင်း၊ ညောင်ပင်ကြီးရဲစခန်းတို့လည်း အဆိုပါလမ်းဘေးတွင် တည်ရှိသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၄ ရက်ကလည်း သဲကောကြီးကျေးရွာကိုဝင်ရောက်ခဲ့ပြီး ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။
