ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး(တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ (စက်တင်ဘာ ၂၅) ညပိုင်းတွင် မြို့ပြပျောက်ကြားတပ်ဖွဲ့များက အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း UMCDက ထုတ်ပြန်သည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နှင့် မဟာမိတ် MFF ( Marauder Front Five)တို့ပူးပေါင်း၍ အဝေးထိန်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“ညက ၉၁ လမ်းဘက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ အရပ်ဝတ်တွေရော၊ ရဲတွေရော၊ စစ်သားတွေရော အများကြီး ရောက်လာတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိရဘူး။ ဆေးရုံကားတစ်စီး ဖြတ်သွားတာတော့ တွေ့လိုက်တယ် “ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့အပြင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် (၉၁)လမ်းအား စစ်ကောင်စီဝင်များက ရဲကားတစ်စီး၊ DC ကား နှစ်စီးတို့ဖြင့် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါမစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း UMCD က သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယင်းပေါက်ကွဲမှုနေရာသို့ စစ်ကောင်စီ ဝင်များနှင့်အတူ ရောက်ရှိလာသည့် အရပ်ဝတ်ဒလန်များကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း UMCD က အသိပေးလိုက်သည်။
