▪︎စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ခရီးသွားယာဥ်များ ရပ်တန့်ထားခဲ့ရ
ရွှေဘို-မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများအများအပြားသေဆုံးကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်ခန့်က ရွှေဘိုဘက်မှ ထွက်လာသော စစ်ကောင်စီတပ်၏ အင်အား(၇၀)ပါ သံပြားကာ ကား(၂)စီးကို ဝက်လက်မြို့နယ်တွင်းတစ်နေရာ၌ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်း(၂)ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်များကို ဆေးရုံသို့ခေါ်ဆောင်သွားရာ (၁၅)ဦးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း ၃ ဦးထပ်မံသေဆုံးခဲ့ပြီး (၅)ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုနေရကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
သေဆုံးသူများထဲတွင် စစ်ကောင်စီအရာရှိတစ်ဦးပါနိုင်သည်ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

ထိုနေ့က စစ်ကောင်စီယာဥ်များသည် ရွှေဘို-မန္တလေးလမ်းပေါ် စိုင်နိုင်ကွေ့အနီးတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေ၍ ကားအစီးရေများစွာ ဆက်မထွက်နိုင်ဘဲ ပိတ်မိခဲ့ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ရွှေဘို-မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့တွင် ယခင်ကလည်း စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
