တမူးမြို့ကို စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ကားတန်းကို ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်လို့ စစ်ကား နှစ်စီးပျက်စီး အနည်းဆုံး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF(Combat Engineer Unit)က ယနေ့သတင်းထုတ်ပြန်သည်။
တမူးမြို့နယ်၊ အောင်ဇေယျရွာ မှ တမူးမြို့ ကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့ လက်ပါးစေ ပျူစောထီးတို့ပါဝင်သည့် အင်အား ၁၀၀ ခန့်က စစ်ကား ၅စီးဖြင့်ပြန်လာစဉ် ယနေ့နေ့လယ် ၂ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်းPDF-CEU အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

“(သူတို့ကို) တစ်ရက်နဲ့တစ်ညစောင့်ပါတယ်။ မိုင်းဆွဲတာက ဂျန်ဘာမိလို့ မကွဲဘူးဗျ၊ အဲ့ဒါနဲ့ လက်နက်ငယ်နဲ့ ထွက်ပြီး ပစ်တာ၊ ၄၀ MM ၅ လုံးမှာ ၂ လုံးက ကောင်းကောင်းထိတယ်”ဟု အဆိုပါပြန်ကြားရေးတာဝန်ခံကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားငါး စီးတွင် နှစ်စီးအားထိပြီး တစ်စီးမှာ ကားနောက်ခန်းနှင့် တစ်စီးမှာ ခေါင်းပိုင်းထိခိုက်ခဲ့သည်။ ထိသည့် ကားတစ်စီးကို အခြားကားတစ်စီးဖြင့် ဆွဲသွားရသည်ဟု ပြန်ကြားရေးတာဝန်ခံကပြောသည်။
ထိခိုက်ဒဏ်ရာရရှိပြီးလဲကျနေသောစစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကိုကားပေါ်ကို ဆွဲတင်သွားသည်ဟုလည်းCEUကအသိပေးသည်။
“အင်အား ၁၀၀လောက်ခန့်မှန်းပါတယ်၊ အထက်ပိုင်းရွာတွေက ပျူစောထီးတွေ အပါပေါ့၊ စခ(စစ်သား)၊ ရခ(ရဲသား) က အဲ့လောက်မများလောက်ဘူး။ ပျူစောထီး ပိုများမယ်”ဟု ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma)နှင့် PDF-CEU တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြား PDFများကလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
