ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီး(KNU နို့တကော) မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVကလည်း သတင်းဖော်ပြထားသည်။
ဖမ်းဆီးရမိသူမှာ တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း တစ်ခုဖြစ်သည့် ခမရ (၅၅၆)မှ ဗိုလ်မှူးဝင်းမင်းခန့် ဖြစ်ပြီး မော်လမြိုင် အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၀၄)မှ သေ့ဘော့ဘိုးဘက်သို့ အင်အားဖြည့်ရန်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခလရ (၂၈၃)သို့ ယခု (စက်တင်ဘာ ၂၃ရက်)တွင် ရောက်ရှိလာသူဖြစ်သည် ဟု ဆိုသည်။
အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။
ဗိုလ်မှူးဝင်းမင်းခန့်သည် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ(၃၂)သို့ ဆက်သွယ်ရေးစက်များ သွားရောက်ပို့ဆောင်ချိန်တွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU တပ်မဟာ (၆)နယ်မြေရှိ သတင်းရင်းမြစ်တစ်ဦးက ဗိုလ်မှူးတစ်ဦးအား ဖမ်းမိသည့် သတင်းကို KNU တာဝန်ရှိသူထံမှ ကြားသိရသော်လည်း အသေးစိတ်ဖြစ်စဉ်ကို မသိရသေးဟု ဆိုသည်။
“ကြာအင်ဆိပ်ကြီးက KNU ဆိုရင် နို့တကောမြို့နယ် လို့ ပြောလို့ရတယ်။ အဲဒီအနီးအနားတဝိုက်မှာ KNLA တပ်ရင်း (၁၇)တပ်ရင်းတွေရှိတယ်။ တပ်ရင်း (၁၇)ဂွင်ထဲမှာ ဖမ်းမိတာဖြစ်နိုင်တာပေါ့”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၁၈)သည် စစ်ကောင်စီ၏ ကျိတ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
