တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား မိုင်းပွိုင့်ငါးခုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၂၄) ထုတ်ပြန် သည်။
ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ကို ယနေ့နေ့လယ်ပိုင်း ၁နာရီက တန့်ဆည်မြို့နယ် ငှက်ပျောတောကျေးရွာအနီး၌ မြောက်ပိုင်း(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
“မိုင်းပွိုင့် ၅ ခုမိတာကြောင့် (စစ်အုပ်စု)ထိခိုက်ကျဆုံးများနိုင်ပါသည်”ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့နေ့လယ် ၂ နာရီခန့်တွင် တန့်ဆည်နယ် အင်းနားရွာနှင့်ငှက်ပျောတောကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ညနေ ၃နာရီခန့်တွင် သစ်တော်ပေါက် (မြောက်ရွာ)သို့ ဝင်ရောက် သွားကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တန့်ဆည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာပေါင်း ၂၀ကျော်မှ ဒေသခံပြည်သူ ၂၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာပြေးနေကြရသည်။
