စစ်တပ်အာဏာသိမ်းရန် အကြံပေးရာတွင်ပါဝင်သည်ဆိုသည့် အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်အား ရန်ကုန်မြို့နေအိမ်၌ ပစ်ခတ်ရှင်းလင်းရာတွင် ၎င်း၏သားမက်ဖြစ်သူ အငြိမ်းစားဗိုလ်ကြီးရဲတေဇက ရန်ပြုရန်ကြိုးပမ်းသဖြင့် ရှင်းလင်းခဲ့ရကြောင်း Inya Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
“ဒီနေ့ပစ်ခတ်မှုက သူ့ကိုပဲရည်ရွယ်တဲ့ရှင်းလင်းမှုဖြစ်ပေမယ့် သူ့ရဲ့သားမက် အငြိမ်းစားဗိုလ်ကြီးရဲတေဇက မြို့ပြပြောက်ကျားရဲဘော်တွေကို ရန်ပြုဖို့ကြိုးစားခဲ့လို့သူ့ကိုပါ တစ်ခါတည်း ရှင်းလင်းခဲ့ရပါတယ်။ သူတို့အိမ်မှာ တခြားမိသားစုဝင်တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ပါဘူး”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်ပြီး “ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်ကြီးကိုရှင်းလင်းနိုင်တာ ဒါပထမဆုံးလို့ပြောလို့ရမယ်ထင်တယ်။ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေအများကြီးရှိပေမယ့် အခုအကြမ်းဖက်စစ်တပ်ရဲ့ထောက်တိုင်မဖြစ်နေရင် ကျွန်တော်တို့က ဘာမှလုပ်စရာမရှိဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ထောက်တိုင်ဖြစ်နေရင်တော့ ဘယ်လောက်လုံခြုံရေးကြပ်ကြပ်ဘယ်လောက်ရာထူးကြီးကြီး ကျွန်တော်တို့မှာ ရှင်းလင်းနိုင်စွမ်းရှိနေပြီ”ဟု ပြောသည်။
ယနေ့(စက်တင်ဘာ ၂၄ရက်) ညနေ ၃နာရီခန့်က အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို ရန်ကုန်မြို့လှိုင်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု Inya Urban Force အဖွဲ့က ထုတ်ပြန်သည်။
ယခု ရှင်းလင်းနိုင်ခဲ့သော ဗိုလ်ချုပ်အုန်းသွင်သည် DSA 15 ဆင်းဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာရင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းသည် ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ဘဝဖြင့်စစ်တပ်မှ အငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင်ရာ သီရိလကာနိုင်ငံ သံအမတ် ၊ ဘဂ်လားဒေ့ရှ်သံ အမတ်၊ မော်လ်ဒိုက်သံအမတ် နှင့်တောင်အာဖရိကသံအမတ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်ဟု အသိပေးထားသည်။
ထို့အပြင် စစ်တပ်အာဏာမသိမ်းမီ တစ်နှစ်ခန့်အလိုက ၂၀၀၈ခြေဥအတွင်းမှပင် အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်း၍ရကြောင်း စာတမ်းတစ်ခုရေးသားကာ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းထံပေးပို့ခဲ့ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။
၎င်း၏သားဖြစ်သူမှာ လက်ရှိရခိုင်ပြည်နယ်တွင် တာဝန်ကျနေသည့်ဗိုလ်မှူး ကျော်ဇင်စိုးဖြစ်ကြောင်းလည်း Inya Urban Forceက ဖော်ပြသည်။
၎င်းတွင် သားသမီး သုံးဦးရှိပြီး အကြီးဆုံးမှာ ကျော်ဇေစိုး၊ အလတ်မှာ ဗိုလ်မှူးကျော်ဇင်စိုး ဖြစ်ပြီး သမီးအငယ်ဆုံးမှာ လင်းနန္ဒာသွင်ဖြစ်သည်။ လင်းနန္ဒာသွင်၏ ခင်ပွန်းမှာ စစ်တပ်မှဗိုလ်ကြီး ရဲတေဇဖြစ်ပြီး အာဏာမသိမ်းခင်က အငြိမ်းစားယူထားသူဖြစ်သည်ဟု ထပ်မံအသိပေးထားသည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားမကြာခဏ ဆဲဆိုလေ့ရှိသူဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဆန္ဒပြလူငယ်များ သတ်ဖြတ်ခံရချိန် လူမှုကွန်ရက်တွင် အောင်ပွဲခံခဲ့သူဖြစ်သည်ဟု ဆိုသည်။
“ရဲဘော်တွေဘေးကင်းရာရောက်ပါပြီ”ဟု Inya Urban Forceက ပြောသည်။
