မတူပီ – ဟားခါးလမ်းပိုင်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း CDF – မတူပီက ထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၇ နာရီတွင်မတူပီအခြေစိုက် ခလရ(၁၄၀) တပ်ရင်းမှ မတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာစဥ် CDF တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်း ဖော်ပြသည်။
“ရန်သူက အင်အား ၅၀ လောက်နဲ့တက်လာတာကို ကျွန်တော်တို့ ကြိုသတင်းရလို့ စောင့်တိုက်နိုင်ခဲ့တာ။တိုက်ပွဲက နာရီဝက်လောက်ကြာခဲ့တယ်”ဟု CDF – မတူပီတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
CDF- မတူပီ ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။
