စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၂ရက်က တန့်ဆည်မြို့နယ်၊ နဘက်ငယ်ကျေးရွာအထွက် ပေကုန်းရွာအ၀င်၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRFအဖွဲ့ဝင် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။
ကျဆုံးခဲ့ရသောရဲဘော်နှင့်ပတ်သက်၍ ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။
တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
တန့်ဆည်မြို့နယ် သစ္စေးကုန်းရွာမီးရှို့သွားသောစစ်ကောင်စီတပ်နှင့် ပျူအင်အား ၈၀ခန့်သည် သဲစား(ရ)ရွာ၊ တဆယ်ကျဲရွာ၊ အင်တောသာကျေးရွာတို့ကို ယနေ့(စက်တင်ဘာ၂၄ ရက်)နံနက်ပိုင်း၌ ၀င်ရောက်မီးရှို့ဖျတ်ဆီးနေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများလည်း မကြာခဏကြားနေရကြောင်း ဒေသခံများက ပြောသည်။
