စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) ရဲဘော် ၅ဦး၏အလောင်းများ ပြန်မပေး၍ ၎င်းတို့၏ ဓာတ်ပုံများဖြင့်သာ နာရေးအခမ်းအနား ကျင်းပခဲ့ရသည်ဟု နာရေးတွင် ကူညီနေသူများကို ကိုးကားပြီး ခမ်းထီရေဒီယိုက ဖော်ပြသည်။
“PNOက အလောင်းလည်း ပြန်မပေးဘူး။ တောင်းလည်း မတောင်းပန်ဘူး။သူငယ်ချင်းအတွက် စိတ်နာတာပေါ့ဗျာ။ ဒါကြောင့်ရှိတဲ့ ဓာတ်ပုံတွေနဲ့ပဲ ဆွမ်းကပ် ကုသိုလ်ပြုပြီး ကုသိုလ်ဝေပေးရတယ်”ဟု နာရေးကူညီသူက ပြောပြကြောင်း ဖော်ပြထားသည်။

PNLO လက်အောက်ခံ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဒုစုမှူး ခွန်ထွန်းဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ဦးကို PNO ပြည်သူ့စစ်တပ်ဖွဲ့က စက်တင်ဘာ ၁၄ရက်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု PNLOက ထုတ်ပြန်ထားသည်။
PNLA ရဲဘော်များ နေရပ်သို့ ခေတ္တအလည်ပြန်စဉ် ပင်လောင်းမြို့နယ် ဝါးပြုံးကျေးရွာ၌ အဖမ်းခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း PNLA တပ်မှူးတစ်ဦးက ပြောကြားထားသည်။


အဆိုပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PNLOက ထုတ်ပြန်ခဲ့ပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းမည်ဟု ကြေညာထားသည်။
PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့နှင့် ကရင်နီဒေသ၌ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်သည်။ PNLOသည် NCA လက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်နေသည့်အဖွဲ့ဖြစ်သည်။
